မင်းသမီး blog သည်သာမန် မှတ်တမ်း blog တခုသာဖြစ်ပါသည်
ကော့မူးရာ ၀မ်းခါ စခန်းထိုင် အတွေ့အကြုံများ - အပိုင်း (၁)

စာဖတ်သူများခင်ဗျား

ကျွန်တော်တို့ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်ဟာ ပြည်သူ့ဘက် ရပ်တည်တဲ့ တပ်မတော်သားများရဲ့ တင်ပြချက်များအပြင် ဒီမိုကရေစီရရှိရေးနှင့် တိုင်းရင်းသားအခွင့်အရေး များအတွက် တိုက်ပွဲဝင်နေကြသော KNU မှ တပ်ဖွဲ့ဝင်များ၊ ABSDF ကျောင်းသားတပ်မှ တပ်ဖွဲ့ဝင်များရဲ့ အတွေ့အကြုံ တင်ပြချက်များအား စဉ်ဆက်မပြတ် စုံစုံလင်လင် တင်ပြ နေပါတယ်။ ဒီကနေ့တော့ မကဒတ ကျောင်းသားတပ်မတော်တွင် နိုင်ငံခြားရေးဌာန တွဲဖက် အတွင်းရေးမှူး၊ ဗဟိုစစ်ရေးဌာနအဖွဲ့ဝင်၊ ဗဟိုစစ်ရေးဌာန တွဲဖက် အတွင်းရေးမှူးနှင့် ဗဟိုစစ်ရေးဌာန အတွင်းရေးမှူး၊ တောင်ပိုင်းစစ်ဒေသ ဒုဥက္ကဌ၊  ဗဟိုစည်းရုံးရေးဌာန အတွင်းရေးမှူး (ဗဟိုကော်မတီဝင်)၊ ပထမဆုံးသော မကဒတ ပေါင်းစည်းရေးကြိုးပမ်းမှု ကော်မတီဥက္ကဌ၊ ဗဟိုစည်းရုံးရေးဌာန အတွင်းရေးမှူး (ဗဟိုကော်မတီဝင်) စတဲ့ အရေးကြီး တာဝန်တွေကို ထမ်းဆောင်ခဲ့သော ကိုကျော်ထင်မှ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ တစိတ်တဒေသကို ဆောင်းပါးအဖြစ် ပေးပို့လာရာ စာဖတ် ပရိသတ်များအား တင်ပြပေးလိုက် ပါတယ်။

ဒီဆောင်းပါးမှာတော့ KNU စခန်းများထဲမှာ အတောင့်တင်းဆုံး စခန်းဖြစ်တဲ့ ၀မ်းခါ စခန်းကြီးအား စစ်အာဏာရှင်တွေဟာ ဆုံးရှုံးမှုကြီးမားစွာနှင့် ရင်းနှီးပြီးမှ တိုက်ယူရပုံနဲ့ စခန်းထိုင် အတွေ့အကြုံများအား ကိုကျော်ထင်မှ ရေးသားထားပါတယ်။ ယခုလို ကိုယ်တွေ့ ဖြစ်စဉ်တွေကို စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေဖို့ ပေးပို့လာတဲ့အတွက် ကိုကျော်ထင်အား အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် ပင်တိုင် ဆောင်းပါးရှင် အဖြစ် ဆက်လက် ပေးပို့သွားမည့် အတွက်လည်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။
 
တော်လှန်ရေးနဲ့ မေ့မရတဲ့ပုံရိပ်
 

ဆောင်းပါးရှင် - ကိုကျော်ထင်

ကျနော် ကျောင်းသားတပ်မတော်သားဘဝ ကြုံတွေ့ခဲ့ဖူးသော တိုက်ပွဲအတွေ့အကြုံ(များ)ကို ပြန်ပြောပြ ရရင်တော့ ယခုလက်ရှိ စစ်ဦးစီး အတွင်းရေးမှူး (၂) တာဝန်ယူနေသော ဗိုလ်ခင်ကျော်၊ ကျနော်တို့ တပ်ရင်း (၂ဝ၁) မှ ယခု အမေရိကန် ပြည်ထောင်စုတွင် အခြေချ နေထိုင်နေပြီဖြစ်သော တပ်မှူးကိုဖုန်းကျော်တို့နှင့် နှိုင်းယှဉ်၍ မပြောနှင့် သာမန် ကျောင်းသား တပ်မတော်သား တစ်ဦးထက်ပင် တိုက်ပွဲအတွေ့အကြုံ နည်းပါးသောကြောင့် ထိုက်သင့်သလို ဗဟုသုတ ရရှိစေရန်နှင့် လေ့လာရန်အတွက်သာ ဖြစ်ပါသည်။

တိတိကျကျ ပြောရလျှင် နအဖ စစ်သားများနှင့် လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်ရသော မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ပွဲဟူ၍ တစ်ပွဲတည်းသာ ကြံတွေ့ခဲ့ဖူးပါသည်။ ထိုတိုက်ပွဲတွင်လည်း ကျနော်ကိုယ်တိုင် ပစ်ခတ်ခဲ့ရခြင်း မရှိခဲ့ပေ။ သို့သော် စစ်မြေပြင် အတွင်းတော့ တကယ် ရှိနေခဲ့ပါသည်။ ယင်းတိုက်ပွဲအတွက် မည်ကဲ့သို့ တိုက်ပွဲဆင်ရမလဲ ဟူသော တပ်မှူးများ ဆွေးနွေးမှုတွင် ပါဝင်ခဲ့ပါသည်။ အတိအကျအားဖြင့် ဆိုရလျှင် စစ်မြေပြင်သို့ စစ်ရေးတာဝန်ဖြင့် (၃) ကြိမ် သွားဖူးသည်။ နိုင်ငံရေးတာဝန်ဖြင့်တော့ စစ်ဖြစ်နေသော နေရာများနှင့် နီးစပ်သော နေရာများသို့ အကြိမ်အတော်များများ သွားဖူး ခဲ့ပါသည်။

စစ်ရေးတာဝန်ဖြင့် ကျနော် ပထမဆုံးသွားခဲ့သော စစ်မြေပြင်မှာ ကော့မူးရာ ဝမ်းခ အသစ် စစ်မြေပြင်ပင် ဖြစ်ပေသည်။ ၁၉၉ဝ ရွေးကောက်ပွဲ မတိုင်မီ သိမ်းပိုက်မည်ဟူသော ကြွေးကြော်သံဖြင့် နအဖ (ထိုစဉ်က နဝတ) တပ်များက တိုက်ပွဲဆင်လာသော အချိန်အခါ ဖြစ်ပေသည်။ ၁၉၈၉ ဧပြီမေလ တဝိုက်တွင်ဖြစ်ပေသည်။ ကျနော်ထိုစဉ်က နေမကောင်း ဖြစ်ပြီး မဲဆောက် ကေအင်န်ယူမှ ဗိုလ်မှူးစိုးမင်းအိမ်တွင် ခဏအနားယူပြီးနောက် ကျနော်တို့တောင်ပိုင်းမှ စစ်ကူရောက်နေသာ တပ်ဖွဲ့များနှင့် အတူသွားရောက်၍ စစ်ရေး တာဝန်ကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ ထမ်းဆောင်ရခြင်းမှာလည်း ကျနော်စခန်းထဲသို့မဝင်မီ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေရာ တပ်ဖွဲ့အင်အားလည်း လိုအပ်နေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျနော် နေကောင်းခါစ ဖြစ်သော်လည်း အားတင်း၍ ဖြစ်ချင်ရာဖြစ်ကွာ ငါတို့ စစ်အာဏာရှင်တွေကို လက်နက်ကိုင်တိုက်ဖို့ ထွက်လာခဲ့ပြီးပြီပဲ ရှေ့တန်းသွားမယ် ဆိုသည့် စိတ်ဓါတ်ဖြင့် ဝမ်းခ စခန်းတွင်းသို့ မေလကုန်ခါနီးခန့်တွင် ရောက်ရှိသွားခဲ့သည်။ သို့သော် ကျနော် ရောက်ရှိ ပြီးနောက် ဗိုလ်မှူးရောဘတ်ဖံက stand to (တပ်အားလုံး အသင့်နေရာယူခြင်း) နှစ်ခါ alert လုပ်ခါ အဆင်သင့် မိုးလင်းပေါက် ကင်းစောင့်ခိုင်းခဲ့သည်မှ လွဲ၍ တိုက်ပွဲ အကြီးအကျယ် မကြုံတွေ့ခဲ့ရပေ။ ဗိုလ်မှူးရောဘတ်ဇံ stand to (တပ်အားလုံး အသင့်နေရာယူခြင်း)   အကြိမ်ကြိမ် ခေါ်ခဲ့ရသည်မှာလည်း အကြောင်းရှိပေသည်။

မေလ ၂၇ ရက် မနက်စောစောက ယင်းကဲ့သို့   Stand to စောင့်ခဲ့ရခြင်း၏ အကျိုးကိုမိမိတို့ ကျောင်းသား တပ်မတော်နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က အကျိုးအမြတ် ရခဲ့သောကြောင့်ဖြစ်သည်။ အကျိုးအမြတ် ဆိုသည်မှာ မိမိတို့ကိုယ်ကို အကောင်းဆုံး ကာကွယ်နိုင်ပြီး ရန်သူ နဝတစစ်သားများကို အရာရှိ အဆင့်အပါအဝင် များစွာ ချေမှုန်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထိုနေ့မနက် လင်းအားကြီး အချိန်ခန့်တွင် နဝတ တပ်များဟာ ၎င်းတို့ အခြေပြုသည့် ခဲဘလူးနှင့် ကာလူးတောင်ကုန်းများဆီမှ လျှောက်မြောင်း (ဆက်သွယ်ရေးမြောင်း) တူးကာ ဝမ်းခါစခန်း ခံစစ်ကုန်း ကတုတ်ကျင်းများ (ဘန်ကာ) ဆီသို့ တစ်ညလုံး ချီတက်လာနေမှုကို ညကြည့်မှန်ပြေင်းဖြင့် ဗိုလ်မှူးရောဘတ်ဇံမှ ကြည့်မြင်ခဲ့ရပါသည်။ ထို့ကြောင့် ဗိုလ်မှူးရောဘတ်ဇံက တပ်ဖွဲ့အားလုံးကို Stand to (တပ်အသင့်နေရာယူခြင်း) လုပ်ကာ ခံစစ်ကုန်းအနီးသို့ ချဉ်းကပ်လာသော နဝတ တပ်များအား ရောက်ခါနီးတွင်မှ လေထီးမီးကျီဖြင့် ပစ်ဖေါက်၍ ရန်သူများကို အနီးကပ် ချေမှုန်းနိုင်ခဲ့သဖြင့် အတုံးအရုံး ကျဆုံးခဲ့ကြောင်းနှင့် နဝတ တပ်သားတစ်ဦးဆိုလျှင် ခံစစ်ကုန်းကို လာမှီပြီး ကျဆုံးသွားခဲ့ကြောင်း သိရပါသည်။ နောက်တနေ့ဖြစ်သည့် မေလ ၂၈ ရက် မနက်တွင်မှ မိမိတို့ စစ်အင်အား ဖြည့်ဆည်းရန် လိုအပ်သဖြင့် မိမိပါ ဝင်ရောက်ရှိသွားပြီး ခံစစ်ကုန်းရှေ့မှ ထိုအလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကော့မူးရာ ၀မ်းခါ စခန်းထိုင် အတွေ့အကြုံများ - အပိုင်း (၂)
တော်လှန်ရေးနဲ့ မေ့မရတဲ့ပုံရိပ် 
ဆောင်းပါးရှင် - ကိုကျော်ထင်

ထိုဝမ်းခါစခန်း အတွင်းတွင် မိမိတို့ ကျောင်းသားတပ်မတော် နယ်မြေခံ တပ်ရင်းဖြစ်သည့် တပ်ရင်း (၂၁၁) မှ
တပ်မှူးများဖြစ်သည့် ဦးစိုးထွဋ်၊ ကိုဝင်းချို၊ တောင်ပိုင်းစစ်ကူတပ်ဖွဲ့မှ ကိုဝင်းလှိုင်ဦး စသည်တို့နှင့် တွဲဖက်ခဲ့ရပြီး ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ အဘမန်းဘုန်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်ဇော်ဦး စသည်တို့နှင့် တွဲဖက်ခဲ့ရသည်။

ထိုစဉ်က ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ တပ်မှူးကြီးများမှာ စခန်းအတွင်း အကြီးဆုံး ဗိုလ်မှူးကြီးထောလှ (နောင်ဗိုလ်မှူးချုပ်နှင့် တပ်မဟာ ၅ မှူး) နှင့် ဗိုလ်မှူး သန်းမောင်တို့ ဖြစ်ကြပါသည်။  တစ်ခါတစ်ရံတွင် KNDO မှ အဖူး ဗိုလ်ချုပ် ကျော်သောင်း အားလည်း တွေ့ရပါသည်။ သူပြောတဲ့ စကားတစ်ခွန်းကိုလည်း မှတ်မိနေပါသေးသည်။ ယင်းမှာ မေဆွိသီဆိုသည့် သီချင်းတစ်ပုဒ်၏ စာသားဖြစ်သည့် ပုဇွန်ဆိတ်လေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် ဆိုသည့် သီချင်းစာသားအား ၀မ်းခါစခန်း သေးငယ်သော်လည်း အင်အားကြီးသည့် ရန်သူအား ခုခံကာကွယ်နိုင်ပုံကို တင်စားသီဆို ပြောဆိုခဲ့ခြင်းဖြစ်သည်။    ကျနော်ရောက်စက ကိုမိုးသီးဇွန်နှင့်လည်း ရက်အတန်ကြာ နေခဲ့ရပြီး ကျနော် မရောက်မီကပင် နယ်မြေတာဝန်ယူနေသူ ကိုကျော်ကျော်၊ ကိုထက်အောင်ကျော်၊ အဆိုတော် ကိုမွန်းအောင် စသည်တို့လည်း ရှိနေခဲ့ပေသည်။

ကျနော် ရောက်ရှိပြီးနောက် ကိုမွန်းအောင်နှင့် တစ်ကြိမ်နှစ်ကြိမ် စခန်းအတွင်း တွေ့ခဲ့ပါသေး သည်။ ကျနော်သည် ကျနော်တို့ တပ်ဖွဲ့များ တာဝန်ကျရာ ဝမ်းခါ အနောက်ဖက်ကျောတွင်သာ တာဝန်ယူရပြီး ရောက်သည့်အချိန်မှ စ၍ ညစဉ်အလှည့်ကျ ကင်းစောင့်ရပေသည်။ ကင်းစောင့်သည် ဆိုသည်မှာလည်း အတော်ကြီးမားသည့် အလုပ်တာဝန် တစ်ခုဖြစ်ကြောင်း တကယ်စောင့်ကြည့်သည့် အခါတွင်မှ သိရပေသည်။ ဝမ်းခါစခန်းတွင် အနောက်ဖက်ကျော ဖြစ်သည်ဟူ၍လည်း လျှော့တွက်၍ မရပါ။ နအဖ အနေဖြင့် အိုမီဂါ ပုံသဏ္ဍာန်ရှိသော ၀မ်းခါ စခန်းအား ထိပ်တိုက်ဘက်မှ တက်လျှင် ခက်ခဲပြီး ၎င်းတို့အတွက် အတုံးအရုံး ကျဆုံးခြင်း များသဖြင့် ချောင်းကိုဖြတ်ကာ နောက်ကျောမှ ပတ်ပြီး တက်လေ့တက်ထ ရှိပါသည်။

နဝတ စစ်တပ်သည် နေရာပေါင်းစုံမှ အလစ်အငိုက် ချောင်းတတ်သဖြင့် မိမိအပေါက်မှ တက်လာပါလျှင် မတွေ့လိုက်မိပါက စခန်းပေါက်သွားပြီး ကျသွားမှာကို စိုးရိမ်သောကြောင့် အစပထမပိုင်းတွင် အတော်ပြူးပြဲ၍ စောင့်ကြည့်ဖြစ်ခဲ့ပေသည်။ နောက်ပိုင်းတွင် စခန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြောပြ၍လည်းကောင်း၊ စခန်းတွင်းရှိ ရတတ်သမျှ စစ်ဘက် ဆိုင်ရာ စာအုပ်အနည်းငယ်ကို ဖတ်ရှုပြီးနောက်တွင် သော်လည်းကောင်း ကင်းစောင့်ခြင်း၏ ပညာကို သိလာခဲ့သည်။ ယင်းမှာ နေ့ခင်းဘက် မြင်သာချိန်တွင် မိမိညဘက်တွင် စောင့်ကြည့်ရမည့် မြေပြင်ပေါ်မှ အမှတ်အသားများကို မှတ်သားထားရန် ဖြစ်ပေသည်။ မြေပြင်ပေါ်မှ အမှတ်အသားများကို စာအုပ်ပေါ်တွင် ကြည့်ဆွဲကာ မှတ်တမ်းတင်ခဲ့သလို ညကြည့် အမှတ်အသားများကို ကတုတ်ကျင်း ဘောင်ပေါ်တွင် တိုင်စိုက်၍ သေနတ်ပစ် လမ်းကြောင်း ပုံသေဆွဲခြင်းဖြင့် ပစ်မှတ်မှတ်ပုံတင် ပြုလုပ်ထားရပါသည်။

နောက်တော့ အလွတ်ဆွဲကြည့်ပြီး ဘယ်နေရာတွင် ဘာရှိသည်ကို အလွတ်မှတ်သား ထားလိုက်သည်။ ယင်းကဲ့သို့ မလုပ်ပါက ကင်းညစဉ်စောင့်၍ အိပ်ရေးပျက်လာတာက တကြောင်း၊ မိမိဘက်က တက်လာမလား ဆိုတာကို စိုးရိမ်စိတ်လေး အနည်းငယ် ရှိလာတတ်တာက တကြောင်းတို့ကြောင့် မြေပြင်ပေါ်မှ သစ်ငုတ်တိုသည်လည်း တွားတက် လာသလို မြင်ယောင် လာတတ်ကြပေသည်။ ထိုအကြောင်းကို ကျောင်းသားတပ်မတော် ကျောင်းသားအတော်များများ ပြောဖြစ်ကြပါသည်။ ထိုကြောင့် ဖြစ်နိုင်လျှင် မိမိတာဝန်ကျသည့် ကတုတ်ကျင်း(ဘန်ကာ) မှာ  နေ့စဉ် ကင်းစောင့်ရမည် ဆိုပါက ထိုနေရာရှိ မြေပြင်ပေါ်မှ အမှတ်အသားများကို ကျက်မှတ်ထားလိုက်သည်က အကောင်းဆုံး ဖြစ်သည်ဟု စစ်ရေးဆိုင်ရာ အတွေ့အကြုံ တစ်ခုကို ရရှိခဲ့လိုက်ပါသည်။

ဝမ်းခါစခန်းတွင် ကျနော်စုစုပေါင်း ၂ လကျော်ကျော်ခန့် နေထိုင်ခဲ့ပြီး ကျနော် နေထိုင်စဉ် ကာလတွင်တော့ ကြိုကျားကြိုကျား လက်နက်ကြီးများဖြင့် နဝတ စစ်တပ်ဘက်မှ ပစ်ခတ ခဲ့သည်မှလွဲ၍ တိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့ပါ။ သို့သော် လက်နက်ကြီး ပစ်ခတ်ခံရခြင်းကို ရှောင်ရှားသည့် အတွေ့အကြံများကိုတော့ ရရှိခဲ့ပေသည်။ ၁၂ဝ မမ ဆိုလျှင် ကျနော်ရှိနေ သည့် နေရာနှင့် ထောက် ၁ ၊ ထောက် ၂ ဆို၍ စတင် ရေတွက်ပါက ထောက် ၂၆ ၊ ထောက် ၂၇ ခန့်တွင် ကျရောက် ပေါက်ကွဲလေ့ရှိပါသည်။ ၇၂ မမဆိုလျှင်တော့ ၁၊ ၂၊ ၃ ရှူးဆိုလျှင် ကွဲပြီ၊ ရှောင်ချိန်သိတ်မရ။ ယင်း ၇၂ မမ ပစ်ခတ်လိုက်လျှင် လျှောက်မြောင်းများ အတွင်းသို့ ခုန်ဆင်းပြီး လက်နှစ်ဖက်ကို ဘယ်ဖက်ရင်အုံကို အဓိကအုပ်ကာကာ ဝမ်းလျားမှောက် လှဲနေရပေသည်။ သို့မှသာ လက်နက်ကြီး ကျရောက်ပေါက်ကွဲ တုန်ခါမှု၏ ရိုက်ခတ်မှုမှ မိမိနှလုံး အပေါ် သက်ရောက်မှုအား တတ်နိုင်သမျှ ကာကွယ်နိုင်ပေသည်။ သို့သော် အများအားဖြင့်တော့ နဝတ တပ်တို့က ၁၂ဝ မမ စိန်ပြောင်းကြီးကိုသာ အတွဲလိုက် ပစ်ခတ်ကြသည်က များပေသည်။


သူတို့ အတွဲလိုက် ဆက်တိုက် စိန်ပြောင်းဗုံးသီး ပစ်ခတ်လိုက်ပြီဆိုလျှင် ပလုံတုံတုံ ဆိုပြီး ဆိုင်းတီးသံလိုလို ထွက်လာပါသည်။ ဒါဆိုလျှင် သူတို့အတွဲလိုက် ပစ်လိုက်ပါပြီ၊ သက်ဆိုင်ရာ မိမိ ကတုတ်ကျင်းရှိ (Over head) ခေါင်ကတုတ်ဆီသို့ ဝင်ပြေးကြပေတော့။ အများအားဖြင့် နဝတတို့က မနက်မိုးလင်းအားကြီး မျက်နှာသစ်ချိန်၊ မနက်စာသို့မဟုတ် နေ့လည်အစာစားချိန် နေ့လည် (၁) နာရီခန့်၊ ညနေရေချိုးချိန်၊ ညနေစာစားချိန် အစသဖြင့် မိမိတို့ဘက်မှ အပြင်ထွက်နိုင်သည့် အချိန်များကို မှန်း၍ ပစ်ခတ်သည်ကို တွေ့ရှိခဲ့ရပါသည်။

တခါ ကျနော် တာဝန်ကျနေသည့် ကတုတ်ကျင်းမှ အောက်သို့ဆင်းသွားပြီး သောင်ရင်းမြစ် အတွင်း၌ အဝတ်သွားလျှော်နေစဉ်တွင် ပလုံတုံတုံ အသံ ထွက်လာပါသည်။ ထိုအသံကို ကျနော် ချက်ချင်း မှန်းဆလိုက်ရာ ကျနော့် ကတုတ်ကျင်း တည်ရှိရာဘက်သို့ လာနေသည်ဟု မှန်းလိုက်မိပြီး ကျနော်နေသည့် ကတုတ်ကျင်းရှိ (Over head) ခေါင်ကတုတ် အတွင်းသို့ တက်ပြေးပြီး ပုန်းနေလိုက်ပါသည်။ ကျနော်ရောက်ရှိသွားချိန်တွင် ထောက် ၁၈ ၊ ထောက် ၁၉ လောက်တော့ရှိပြီ ထင်ပါသည်။ ကျနော် ထင်သလိုပင် ထို ၁၂ဝ မမ ၁၃ လုံး စလုံးသည် ကျနော့် ကတုတ်ကျင်း ပတ်ပတ်လည်ကို တလုံးပြီးတလုံး ကျပါတော့သည်။

ထို  ၁၃ လုံးမှ တလုံးသာ ကျနော့် ကတုတ်ကျင်းကို ထိမှန်ရင်တောင်မှ ကျနော်ယနေ့အချိန် တွင် ယခုစာဖတ်နေသူများကို ကျနော့်ရဲ့ ကျောင်းသားတပ်မတော်သားဘဝ အတွေ့အကြုံ များကို ပြန်ပြောပြ နိုင်တော့မည် မထင်ပါ။ ကျနော့် ကတုတ်ကျင်းက အတော့်ကို အခိုင်အခံ့ကြီးလည်း မဟုတ်ပါ။ ဘုရား သိကြားမ၍၊ ပြည်သူ့အကျိုး ဆောင်၍၊ တရားသောစစ်ကို ဆင်နွှဲ၍သာ အသက်ရှင်သန်ခွင့် ဆက်လက် ရရှိခဲ့သည်ဟု သဘောထား ယုံကြည်ခဲ့ရပါသည်။

မြန်မာ့ ဒီမိုကရေစီအရေးအတွက် ငယ်ရွယ်နုပျိုသော ကျောင်းသားဘ၀မှာပင် အသက်ကို ပဓါန မထားဘဲ စွန့်လွှတ် စွန့်စားခဲ့ကြသော ကျောင်းသားများအား ဂုဏ်ပြုရင်း တင်ဆက် ထားသည့် အပိုင်း (၃) ကို မနက်ဖန်မှာ ဆက်လက် ဖတ်ရူကြပါခင်ဗျား။ထိုဝမ်းခါ စခန်း တွင်းတွင် ကျဆုံး ခဲ့သော ကျောင်းသား တပ်မတော် သားများလည်း ရှိခဲ့ပါသည်။
အများစုကို ကျနော် အမည်နှင့်တကွတော့ မမှတ်မိတော့ပါ။ မှတ်မိသည်မှာ GTI ကျောင်းသား တစ်ဦး ပါဝင်သည်။ နောက် ကျနော်တို့နှင့်အတူ (၂ဝ၁) မှ စစ်ကူသွားပြီး ကျန်နေရစ်သူ ရဲဘော်မင်းကျော် တစ်ယောက် သိမ်းဆည်း မိထားသော လက်နက်ကြီးကျည်များကို ကြည့်ရှုနေစဉ်တွင် ၄င်းလက်နက်ကြီးကျည်များထဲတွင် ပါလာသော ကက်မဖြုတ်ရသေးသည့် လက်နက်ကြီးကျည်ကပင် ထပေါက်သည်လား၊ ထိုအချိန်က နဝတဘက်မှ ပစ်ခတ် လိုက်သည့် လက်နက်ကြီး ကျည်ကပင် ထပေါက်သည်လား မပြောတတ်ပါ။ ထိုစုပုံထားသော လက်နက်ကြီး ကျည်များ အစုလိုက် အပြုံလိုက်ထ ပေါက်ကွဲသဖြင့် ကျောင်းသားတပ်မတော်သားနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သား အတော်များများ မမျှော်လင့်ပဲ ကျဆုံးခဲ့ရာတွင် ပါဝင်သွားခဲ့သည်။ ယခု အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်နေသူ ရဲဘော် မြင့်အောင် သည်လည်း ထိုပေါက်ကွဲမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ သူလည်း GTI ကျောင်းသားတစ်ဦးပင် ဖြစ်သည်။

ဝမ်းခါစစ်မြေပြင်တွင် ကင်းစောင့်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှုအား ရှောင်ရှားခြင်း စသည့် စစ်ရေးဆိုင်ရာ သင်ခန်းစာများအပြင် တတိယ ရရှိခဲ့သော စစ်သင်ခန်းစာမှာ လက်နက်ငယ် အဖြုတ်အတပ်ပင် ဖြစ်ပေသည်။ အခုနေ ပြန်မေးလျှင်တော့ ရုတ်တရက်ဆိုလျှင် မေ့နေတော့မည်။ ထိုစဉ်က အေကေ ၄၇၊ အမ် ၁၆၊ ကာဘိုင် အဖြုတ်အတပ်များကို သင်ယူခဲ့ရပါသည်။ အမ် ၁၆ မှာ အတော်လွယ်ကူသည်ဟု ထင်ခဲ့မိပါသည်။ ကျနော်က အေကေကိုင်လိုက်၊ ကာဘိုင်ကိုင်လိုက် လုပ်ခဲ့သဖြင့် ထိုလက်နက်ငယ်များကိုသာ အဖြုတ်အတပ် ပို၍ လုပ်ခဲ့မိပါသည်။ တောထဲမရောက်ခင်က မင်းသား ဆန်နီချေးဘားက Gogo 13 Kolon assignment တွင် အမ် ၁၆ ကိုင်ပြီး တောင်စောင်းတွင် ကြိုးဖြင့်ချိတ်ကာ စနိုက်ပါဖြင့် ပစ်ခတ်သည်ကို ကြည့်၍ အားကျခဲ့သဖြင့် ရှစ်လေးလုံးကာလ တောထဲသွားတော့မလို့ လုပ်တော့ မင်းဟိုရောက်ရင် ဘာသေနတ်ကိုင်မလဲဟု ရဲဘော်တွေက မေးရာ အမ် ၁၆ ကိုင်မယ်ကွာဟု ကြွေးကြော်ခဲ့သော်လည်း တကယ်တမ်းး ရောက်သည့်အခါတွင်တော့ ထို အမ် ၁၆ ကို လက်နက်အဖြုတ်အတပ် သင်ယူမှုတွင်သာ ကိုင်တွယ်ခဲ့ရပြီး စစ်မြေပြင်အသုံးပြုမှုတွင် မကိုင်တွယ်ခဲ့ဖူးပါ။

ယခု မေ့နေသော်လည်း လိုအပ်၍ ပြန်ကိုင်တွယ်ရဦးမည် ဆိုပါက နာရီပိုင်းအတွင်းတွင် ပြန်မှတ်မိနိုင်မည်ဟု ထင်ပါသည်။ လက်နက်ကြံ့ခိုင်ရေးအတွက် ဝမ်းခါစခန်းတွင် နေထိုင်စဉ် နေ့စဉ်နီးပါးလုံး ပြန်လုပ်ရပါသည်။ မိမိ လက်နက် ချွတ်ယွင်းနေ၍ မဖြစ်ပါ။ အချိန်မရွေး တိုက်ပွဲထဖြစ်နိုင်သောကြောင့်ဖြစ်ပြီး မိမိတွင် စစ်သား တစ်ယောက်မှာ ရှိရမည့် တိုက်ပွဲဝင် အဆင်သင့်ဖြစ်မှု အနေအထား combat readiness ကို ရယူ ပိုင်ဆိုင်ထားဖို့ လိုအပ်သောကြောင့် ဖြစ်ပေသည်။ နောက်ကျ၍မဖြစ်ပါ။ တိုက်ပွဲဖြစ်လာလျှင် မိမိသေနတ်ပြောင်းမှ ပထမဆုံး သေနတ်သံတစ်ချက် ဒိုင်းကနဲဆိုပြီး အောင်မြင်စွာ မိမိပစ်ခတ်ရာဆီသို့ ထွက်သွားလျှင် စစ်သား တစ်ယောက်အတွက် ထိုတိုက်ပွဲကို ဆက်လက်ဆင်နွဲဖို့ မိမိကိုယ်မိမိ ယုံကြည်မှု ရှိသွားသောကြောင့် ဖြစ်ပေသည်။

ထိုအကြောင်းကိုလည်း မိမိတို့ကျောင်းသားတပ်မတော်သားများ အတော်များများ ပြောဖြစ်ခဲ့ကြပါသည်။ လက်နက်ငယ်ကြံ့ခိုင်ရေးအတွက် အဖြုတ်အတပ် ပြုလုပ်ရာတွင် ပထမဦးစွာ  သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး သေနတ်အတွင်းမှ ကျည်ဆံများကို ကျည်ကုပ်မှတဆင့် ထုတ်ယူဖို့ လိုပေသည်။ ကျည်ဆံများ ထွက်သွားပြီးလျှင် သေနတ်ကို တဆင့်ပြီးတဆင့် ဖြုတ်တိုက်ချွတ် ပြန်လည် တပ်ဆင်ရပါမည်၊ သေနတ်ပြောင်းတိုက်တံကို စက်သုံးဆီလေး အနည်းငယ်ဆွတ်ထားသော အဝတ်စချည်ပြီး ထိပ်မှာ  နိုင်လွန်ကြိုးလေးချည်ကာ သေနတ် ပြောင်းထဲကို ရှေ့တိုးနောက်ငင် ပွတ်တိုက်စေပါသည်။ တိုက်ပြီးသောအခါ သေနတ်ပြောင်းဝမှ ထိုနိုင်လွန်ကြိုးကို အသာလေး ဆွဲထုတ်ခြင်းဖြင့် လက်နက်ငယ်ကြံ့ခိုင်ရေး ပြီးဆုံးသွားပါသည်။

လက်နက်ငယ် ကြံ့ခိုင်ရေးမှာ အလွန် အရေးကြီးလှပါသည်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ပစ်လိုက်တဲ့ ကျည်ဆံ လျှောလျှောလျှူလျှူ ထွက်သွားဖို့ အရေးကြီးသည် မဟုတ်ပါလား။ သေနတ်တွင်းမှ တိုက်သင့်တာ အားလုံး တိုက်ပြီးပြီဆိုရင်တော့ သေနတ်ကို နောက်ဆုံးဆွစ် (လုံခြုံမှုခလုတ်) ပိတ်ပြီးထားလိုက်ဖို့ လိုပါသည်။ အော်တိုရယ်၊ တစ်တောင့်ချင်းရယ်၊ ခလုတ်ပိတ်ထားတာရယ် ၃ ခုအနက် ဆွစ်ပိတ်တာကို ရွေးပြီး အဲဒီိထိပ်မှာ ခလုတ်အချွန်လေးကို နေရာချလိုက်ရပါသည်။ ဆွစ်မပိတ်မိခြင်းရဲ့ အကျိုးဆက်က သေနတ် ထပေါက်ထွက် နိုင်ခြင်း ဖြစ်တဲ့အတွက် ဆွစ်ပိတ်မိဖို့ အရေးကြီးလှပါတယ်။

ဝမ်းခါစစ်မြေပြင်တွင် နေထိုင်စဉ်တွင် အရေးကြီးဆုံး စည်းကမ်းချက်တစ်ခုမှာ ကြခတ်ဝါးမျှစ်များကို မတူးစားရန်ပင် ဖြစ်ပေသည်။ အကြောင်းမှာ ကြခတ်ဝါးရုံများက လက်နက်ကြီး ပစ်ခတ်မှုဒဏ်မှ အကာအကွယ်ရသောကြောင့် စခန်းတာဝန်ခံ ဗိုလ်မှူးကြီး ထောလှမှ တားမြစ်ထားသည့် စည်းကမ်းတစ်ခုဖြစ်ပေသည်။ ကျနော်တို့ တောင်ပိုင်း တပ်ရင်းများမှ ဒီအေဘီစစ်ကြောင်းအသွင်ဖြင့် ပေါင်းစည်းတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့သော တပ်ဖွဲ့များသည် ဒီအေဘီစစ်ကြောင်းအနေဖြင့် မဟုတ်သည့် တိုင်အောင်တောင်မှ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်အသွင်ဖြင့် ပူးပေါင်းပါဝင်နိုင်ခဲ့ပြီး ဇူလိုင်လ အကုန်ပိုင်းတွင် တပ်ပြန်ရုပ်သိမ်းစဉ် ဗိုလ်မှူးကြီးထောလှက မိမိတို့တပ်ဖွဲ့အား နှုတ်ဆက်မိန့်ခွန်းစကား အနည်းငယ် ပြောကြားပါသည်။

ယင်းကဲ့သို့ ပြောကြားနေစဉ်တွင် လက်နက်ကြီးများ အတော်များများ ပစ်လွှတ်လိုက်သံများကို အတိုင်းသား ကြားလိုက်ရသဖြင့် မိမိတို့ ကတုတ်ကျင်း (ဘန်ကာ) ခေါ် (ဖုတ်) (စခန်းတွင်းအခေါ်အဝေါ်) များ အတွင်းသို့ပင် ပြေးဝင်ရန် အချိန်မရှိတော့ဘဲ လျှောက်မြောင်းများ အတွင်းသို့သာ အလျင်စလို ပြေးဆင်းခဲ့ကြရပေသည်။ သို့သော် လက်နက်ကြီးကျည်များမှာ မိမိတို့ထံသို့ ရောက်မလာခဲ့၍သာ တော်သွားခဲ့ပေသည်။ ကျနော်သည် ဝမ်းခါစခန်းမှ ၁၉၈၉ ဇူလိုင်အကုန်လောက်တွင် ထွက်လာပြီးနောက် ၁၉၉၆ ထီးကပလယ်တွင် နိုင်ငံရေး အံတုမှု သင်တန်း သွားတက်သည့်အခါကျမှ ဗိုလ်မှူးချုပ်ထောလှကို ပြန်လည်ဆုံတွေ့ခဲ့ရပြီး ၂ဝဝ၅ နိုဝင်ဘာလခန့်တွင် ဗိုလ်မှူးချုပ်ထောလှ ဆုံးပါးသွားရာတွင်လည်း ကျနော့်မှာ မဲဆောက်ဆေးရုံ တက်နေရသဖြင့် အသုဘပင် လိုက်မပို့ဖြစ်ခဲ့ပါ။

ဗိုလ်မှူးချုပ်ထောလှသည် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တွင် ခံစစ်သေ တိုက်ပွဲတွင် အလွန် ပြောင်မြောက်စွာ ဦးဆောင်ကွပ်ကဲ တိုက်ပွဲဝင်နိုင်သော တပ်မှူးတစ်ဦး ဖြစ်ခဲ့ပေသည်။ ဝမ်းခါစခန်း သေးသေးလေးလေးအား နဝတ စစ်တပ်မှ အကြိမ်ပေါင်း မြောက်မြားစွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပါသည်။ တခြား ကေအင်န်ယူစခန်းများ ကျဆုံးခဲ့ရသော်လည်း နောက်ဆုံး မာနယ်ပလော ကျဆုံးပြီးနောက်မှ ကျဆုံးခဲ့ရသော နဝတ အလွန်လိုချင်ခဲ့သည့် ၀မ်းခါခံစစ်စခန်းကြီးအား အချိန်ကာလရှည်ကြာစွာ ထိန်းချုပ်ပေး နိုင်ခဲ့သည်မှာ စစ်အာဏာရှင်တော်လှန်ရေး၊ တိုင်းရင်းသား ပြည်သူတရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး တိုက်ပွဲသမိုင်းတွင် ကမ္ဗည်းတင်ထားရမည့် တပ်မှူး တစ်ဦးကြောင့် ဖြစ်ပါသည်။

ထိုကဲ့သို့ ဗိုလ်မှူးကြီးထောလှ ဦးဆောင်ကွပ်ကဲနိုင်အောင်လည်း ယခု အမေရိကန် ပြည်ထောင်စုတွင် အခြေချ နေထိုင်နေပြီဖြစ်သည့် ကရင့်အမျိုးသား အစည်းအရုံးဥက္ကဌ မန်းဘဇံ၏သား ကျောင်းသား တပ်မတော်သား များနှင့်လည်း အလွန်လက်ပွန်း တတီးရှိလှသည့် ဗိုလ်မှူးရောဘတ်ဇံ၏ စွမ်းစွမ်းတမံ တိုက်ပွဲဝင် ထောက်ကူ ပေးမှုကလည်း အရေးပါလှပေသည်။

ထို့အပြင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးပြီးနောက် တိုင်းရင်းသားတော်လှန်ရေး နယ်မြေများသို့ ရောက်ရှိလာသော ကျောင်းသား တပ်မတော်သားတို့၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့မှုကလည်း ဝမ်းခါစခန်းအား ရေ ရှည် ထိန်းသိမ်းထားမှုအပေါ် များစွာ ထောက်ကူ ပေးနိုင်ခဲ့ပေသည်။ ဝမ်းခါစခန်းတွင် တောင်ပိုင်းမှ ရောက်လာ သော စစ်ကူတပ်ဖွဲ့များတွင် အစပထမကတည်းက မိမိအနေဖြင့် ပါလာခဲ့သည်မဟုတ်ဘဲ မိမိက ဗဟိုတွင် တာဝန်ထမ်းဆောင်နေစဉ် မိမိ၏ မိခင်တပ်ရင်းမှ ရဲဘော်များနှင့် မိမိအား ဗဟိုက ပေးအပ်သည့် တာဝန်ဖြင့် သွားရောက်ပူးပေါင်း တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤဝမ်းခါးစခန်းတွင် စစ်ရေးတာဝန်များကို ၁၉၈၉ မေလတွင် စတင်ထမ်းဆောင်နေစဉ်တွင် (ABSDF) မကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ကျောင်းသားတပ်မတော်) မှ အပ်နှင်းတာဝန် ပေးထားသော တရားဝင်တာဝန်မှာ ဗဟိုကော်မတီဝင်၊ နိုင်ငံခြားရေးဌာန တွဲဖက်အတွင်းရေးမှူးဖြစ်ပြီး ကျနော်က ရှေ့တန်း၌ နေချင်တာများသည်ဟု ဆိုကာ ထိုနှစ် သြဂုတ်လအစည်းအဝေးတွင် ဗဟိုစစ်ရေးဌာနအဖွဲ့ဝင် အဖြစ်သို့ ပြောင်းရွေ့  တာဝန်ထမ်းဆောင်စေခဲ့သည်။  ၁၉၈၉ နိုဝင်ဘာလတွင်တော့ မကဒတ ဒုတိယအကြိမ်ညီလာခံကို မင်းသမီးစခန်းတွင် ကျင်းပပြုလုပ်ရာ မိမိက ဗဟိုစစ်ရေးဌာန တွဲဘက်အတွင်းရေးမှူးဖြစ်လာပြီး အတွင်းရေးမှူးမှာ မိမိနှင့် ကျောင်းသားတပ်မတော်တွင် လုပ်ဖေါ်ကိုင်ဖက်အဖြစ် အတွဲအများဆုံးဖြစ်သည့် ရဲဘော်ထွန်းဦးက တာဝန်ယူခဲ့ပေသည်။

နောက်ပိုင်း ဆောင်းပါးများတွင် ထိုနှစ်ကုန်ခါနီး သေ့ဘောဘိုးစခန်းကျခဲ့စဉ်က အတွေ့အကြုံများ၊ အူးသူထ စစ်မြေပြင် အတွေ့အကြုံများနှင့် ထိုနောက်ပိုင်း ဗဟိုစစ်ရေးဌာန ဖြစ်လာပြီး ဒီအေဘီ စစ်ကြောင်းများ ဖွဲ့စည်းခြင်းအကြောင်း၊ ကျောင်းသား တပ်မတော်စစ်ရုံးချုပ် အတွေ့အကြုံများနှင့် အမျိုးသားညီလာခံ ဆန့်ကျင်ရေး နယ်လှည့် စည်းရုံးရေးဆင်းရင်း တောင်ပိုင်းဒေသ ပုလောမြို့နယ် တပို တိုက်ပွဲ အတွေ့ အကြုံများ အကြောင်းကို ဆက်လက် ရေးသား တင်ပြသွားပါမည်။  


စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြသည်